![]()
ကြက်တောင်အားကစားနည်းကို (၁၈)ရာစုအလယ်ပိုင်းခန့်က စတင်တီထွင် ကစားခဲ့ကြသည်။ ကိုလိုနီနိုင်ငံဖြစ်ခဲ့သော အိန္ဒိယနိုင်ငံတွင် နယ်ချဲ့ ဗြိတိသျှစစ်မှုထမ်းများသည် အားလပ်ချိန်များ၌ ကြက်တောင် အမွှေးအတောင်များစုစည်း၍ အောက်ခံအမာတစ်ခုပေါ်တွင် စိုက်ချည်ကာ သစ်သားပြားများဖြင့် တစ်ဖက်တစ်ချက် အချင်းချင်းရိုက်ကစားကြရာမှ ဤကစားနည်း စတင်ခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က ကြက်တောင်ကစားနည်းကို ပူးနား (Poona)ဟု ခေါ်ဝေါ်ခဲ့ကြသည်။
အိန္ဒိယနိုင်ငံတွင် အမှုထမ်းခဲ့ကြသော စစ်ဗိုလ်များက အင်္ဂလန်သို့ပြန်ရောက်ခဲ့ကြပြီး ၁၈၇၃ ခုနှစ် Beauford မြို့စားကြီး၏ ဧည့်ခံပွဲတစ်ခုတွင် သရုပ်ပြကစားခဲ့ကြသည်။ ၎င်းတို့ သရုပ်ပြကစားခဲ့သော ဂလောက်စက်စ်တာရှိုင်းယား Gloucestershire ဒေသမှ ဘတ်မင်တံ ဂေဟာ Badminton House ဟုခေါ်ဝေါ်သော စံအိမ်အမည်ကို အကြောင်းပြု၍ Badminton ကစားနည်းဟု ခေါ်တွင်စေခဲ့ခြင်းဖြစ်သည်။
၁၈၉၃ ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သော အင်္ဂလန်နိုင်ငံကြက်တောင်အဖွဲ့ချုပ်သည် ကမ္ဘာ့ကြက်တောင်လောကအတွက် ရှေ့ပြေးဦးဆောင်အဖွဲ့တစ်ဖွဲ့ဖြစ်ပါသည်။ အပြည်ပြည် ဆိုင်ရာကြက်တောင်အဖွဲ့ချုပ်ကို ၁၉၃၄ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့တွင် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ပထမဦးဆုံးသော အပြည်ပြည်ဆိုင်ရာကြက်တောင်အဖွဲ့ချုပ်ဥက္ကဋ္ဌအဖြစ် ဆာဂျော့သောမတ်စ် (Sir George Thomas)က ဆောင်ရွက်ခဲ့သည်။ ကြက်တောင်အားကစားနည်းကို အိုလံပစ်အားကစားနည်းအဖြစ် ၁၉၉၂ ခုနှစ် စပိန်နိုင်ငံ ဘာစီလိုနာ အိုလံပစ်အားကစားပြိုင်ပွဲမှစတင်ပါဝင်ခဲ့သည်။ ယခုအခါ ကမ္ဘာ့ကြက်တောင် အဖွဲ့ချုပ်သည် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ တည်ရှိသည်။